HOME

Wednesday, November 6, 2013

Facebook ပေါ်က ရသစာတမ်းများ



ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ
May 30, 2013 at 8:58pm 

 

ကျွန်တော်က အထက(၂) မရမ်းကုန်း ကျောင်းသားဖြစ်သည်။ RIT (ရန်ကုန်စက်မှုတက္ကသိုလ်) နဲ့ ကပ်လျက်ပေါ့။ ကျောင်းမှာ RIT မှ ဆရာများ၊ ၀န်ထမ်းများ၏ သားသမီး တော်တော်များများ ရှိသည်။ သူတို့ အိမ်တွေလည်း မကြာခဏ ရောက်ဖူး သည်။  ဘောလုံးကွင်း (အဟောင်း) မှာတောင် ဘောလုံးကန် ဖူးသည်။ သည်တော့ RIT သည် ကျွန်တော်နှင့်မစိမ်း။ RIT ၀င်းဘေး ကလမ်းမှာ သူငယ်ချင်း တစ်ယောက်အိမ်ရှိသည်။ သူ့အိမ်အပေါ်ထပ်မှကြည့်လျှင် RIT Bookshop (အဟောင်း) နှင့် အဆောင် A,B,C ရှေ့မှ ပန်းခြံကို အတိုင်းသားမြင်ရသည်။ တစ်နေ့ သူ့အိမ်ရောက်နေတုန်း RIT ကျောင်းဖက်မှ ဆူညံေ အ်ာဟစ်သံများ ကြားရသည်။ လှမ်းကြည့်လိုက်တော့ ကျောင်းသားတွေ ခုန်ပေါက်၊ ကျွမ်းထိုးနေကြတာ တွေ့သည်။ ဘာမှန်းမသိ။ နောက်တစ်နေ့ ၀င်းထဲက သူငယ်ချင်းတွေ မေးရသည်။ စာမေးပွဲပြီး လို့တဲ့။ သြော် စာမေးပွဲပြီးတာများ ဒီလောက် ပျော်ရသလား။ နားမလည်။ ဆယ်တန်းအောင်တော့ သည်ကျောင်းနှင့် ရေစက်ဆုံသည်။ ကားတစ်မှတ်တိုင် ပိုစီး ရသည်ပေါ့။ ကျောင်းမတက်ခင် ပထမနှစ် အောင်သော ကျောင်းသားကြီး တစ်ယောက်ဆီမှ စာအုပ်အဟောင်းများ သွားတောင်းသည်။ RIT တရားလည်း နာရသည်။ သူပေးသော သင်ခန်းစာများထဲတွင် ကျွန်တော့်အတွက် နားလည်ရ ခက်ခဲ့သော အကြောင်းအရာ ၏ အဖြေပါလာသည်။ "ဟေ့ကောင် Chemistry ကတော့မင်း အမှတ် ၂၀ ဖိုးဖြေနိုင်ရင် ကံကောင်း"။ သူ့စကားသည် ကျွန်တော့်အတွက် မိုးကြိုးသွားဖြစ်သည်။ ကျွန်တော်က ဆယ်တန်းကို Chemistry ၄၈ မှတ် ဖြင့် အောင်လာသူဖြစ်သည်။ "ဘာမေးသလဲ ဆိုတာကိုတောင် မနဲဖတ်ရတယ်။ မင်း Tutorial နဲ့ Lab မှာ အမှတ် ရအောင်ယူထား”။ ကျွန်တော့်ခေါင်းထဲတွင် မိုးများခြိမ်းကာ၊ လျှပ်စီးများ လက်လာသည်။ အင်း မိုးကြိုးပစ် ခံရတော့မယ်။ "မေးခွန်းက ဌာနမှုး ဒေါ်သောင်းခင် ကိုယ်တိုင်ထုတ်တာကွ"။ ဒေါ်သောင်းခင်… ဒေါ်သောင်းခင်…သည်နာမည်ကို အကြောက်တရားဖြင့် ကျွန်တော် စတင်ရင်းနှီး သွားခဲ့သည်။
ကျောင်းရောက်တော့ ဒေါ်သောင်းခင် သင်သော Section တွင် တည့်တည့် ကျသည်။ ပထမဆုံး စာသင်ချိန်တွင် ၀င်လာမည့် ဆရာမကို စောင့်ကြည့်မိသည်။ ပုပု၊ သေးသေး ဆရာမကြီး ကိုမရယ်မပြုံး ပုံစံဖြင့်တွေ့ရသည်။ ခါတိုင်း အချိန်များတွင် ဆူညံနေ ကြသော်လည်း ဆရာမကြီး ၀င်လာပြီးလျှင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ တစ်ဆင့်စကားဖြင့် သူ့အကြောင်း အားလုံးကြား ဖူးနေကြမည် ထင်သည်။ ဒါတောင် နောက်ပိုင်းတွင် စကားခိုးပြောသော သုံးလေးယောက်ကို အတန်းထဲ မှ မောင်းထုတ်ဖူးသည်။ အရေးအခင်း များနှင့် ပူးတွဲခဲ့သော ကျွန်တော်တို့၏ ပထမနှစ်တွင် ဆရာမကြီး ၏မေးခွန်းအရသာကို သိပ်မသိသာစေခဲ့။ သို့သော် ငယ်ကြောက်သည် ငယ်ကြောက်သာဖြစ်သည်။ ဒုတိယနှစ် အစပိုင်းတွင် ယောယိမ်းလိုက်၊ ဘသားယိမ်း လိုက်ဖြင့် မေ့ချင်ယောင်ဆောင် ထားခဲ့သော ဆရာမကြီး၏ ၀ရဇိန်လက်နက်ကို စာမေးပွဲနီးလာသော အခါ ကြောက်ချေး ပါလာခဲ့ကြသည်။ Termရှည်ပြီး စာမကြေသော သည်နှစ်တွင်ဖြင့် ရေစုန်မျောရတော့မည့် အရေးကို တွေးရင်း အိပ်မရြ ဖစ်လာကြသည်။ အတန်းပြောင်း တက်ရသည့်တစ်နေ့ အခန်းထဲအ၀င် Blackboard ပေါ်မှစာသားများကို အားလုံး သတိထားမိကြသည်။ စာမကြေ၍ အိမ်မရသော ကျောင်းသား၏ ရင်တွင်းဖြစ်ကဗျာ ဖြစ်သည်။ကဗျာက သည် လိုဖြစ်သည်။

"Chemistry မဟာ၊ ဤဌာနာမှာ၊ အလှဘုရင် ဒေါ်သောင်းခင်ဟု၊ နာမည်ကျော်ကြား၊ တီချာခင်ဗျား။ တီချယ့်တပည့်ကောင်း၊ ကျွန်တော်အပေါင်းတို့၊ Atomic Structure မသိပါ၍၊ Free Fall Motion ၊ မကျဆင်းရအောင် ၊ သောင်းသောင်း သက်ညှာ၊ မေးခွန်းလွှာကို၊ ရိုးရိုးလေးသာ၊ မေးပါရန်။"

ဖတ်ပြီး အားလုံးက ပြုံးစိစိ ဖြစ်ကုန်ကြသည်။ ကျွန်တော်လည်း သဘောကျသည်။ လက်ရှိ သင်နေရသော Chemistry မှ Atomic Structure နှင့် Physic မှ Free Fall Motion ကို ပါအောင်ဖွဲ့ထားသည်။ စာမေးပွဲတိုင်းတွင် ရမှတ်ဖြင့် ခုံနံပါတ် ပြန်စီလေ့ရှိသော ကျောင်း၏ အစဉ်အလာ လည်းပါသည်။ ဘာပဲဖြစ်ဖြစ် ဆရာမကြီး ဖတ်ပြီး သနားစိတ် ကလေးဝင် ကာ မေးခွန်းလျော့မေး ရင်တောင်ကောင်းလေစွဟု ထင်မိသည်။ အချိန်တန်တော့ ဆရာမကြီး ၀င်လာပါပြီ။ စာအုပ်တွေကို စားပွဲပေါ် ချသည်။ ဘောဖျက်ကိုင်ကာ စဖျက်သည်။ ကဗျာမဖတ်မိပဲ ဖျက်မိရင်တော့ ဒုက္ခဟုတွေးမိသည်။ Blackboard တစ်ခြမ်းကုန်၍ နောက်တစ်ခြမ်း အကူးတွင် ဆရာမကြီး သတိထားမိသွားသည်။ ဘောဖျက်ကိုင်ထားသော လက်သည် လေထဲတွင် ရပ်တန့်သွားသည်။ တစ်ခန်းလုံးလည်း ငြိမ်ကျသွားသည်။ ဆရာမကြီး သည် ဘောဖျက်ကို ကိုင်ထားလျက် နောက်သို့ နှစ်လှမ်းမျှ ဆုတ်ပြီး ကဗျာကို ဆက်ဖတ်သည်။ ဆရာမကြီး ကဗျာဖတ်သော အချိန်သည် ထင်တာ ထက် ပိုကြာလွန်းသည်။ ထို့နောက် ရှေ့တိုးပြီး Blackboard မှစာအားလုံးကို ဖျက်လိုက်သည်။ ပြီးမှ ကျောင်းသားတွေ ရှိရာဖက်သို့ လှည့်ပါသည်။ အားလုံးရဲ့ မျက်လုံးများက ဆရာမကြီး မျက်နှာဆီမှာသာ။ ကျွန်တော်ဆရာမကြီး၏ မျက်နှာ ကို ပြန်လည် မဖေါ်ပြတတ်ပါ။ ၀မ်းနည်းသည်လား၊ ယူကြုံးမရဖြစ်သည် လား၊ ရေးရက်လေခြင်း ဟု ဒေါသထွက် သည်လား ၊ စေတနာကို နားမလည်ဟု စိတ်ပျက်သည်လား၊ အဘယ်သို့ တွေးနေသည်ကို ကျွန်တော်မသိပါ။ မျက်နှာကတော့ ညှိုးနေသည်။

 ဒါပေမယ့် ပြုံးရယ်ခဲသော ဆရာမကြီးကပြုံးလျက် စကားဆိုပါသည်။ သူ့စာမေးပွဲ မေးခွန်းတွေ၏ လားရာကို ရှင်းပြပါသည်။ သူမ၏ Chemistry ဘာသာကို တပည့်တွေ တတ်စေချင်သော သူမ၏ စေတနာကို အသေးစိတ် သိစေခဲ့ပါသည်။ ပြောနေရင်းမှ ခံစားချက်၏ စေ့ဆော်မှုကြောင့် စကားတစ်ခွန်းကို လေးလေးနက်နက်ပြောပါသည်။ "ဒီနှစ် ဆရာမ မေးခွန်းကို သိပ်အခက်ကြီး မမေးပါဘူး" တဲ့။ နောက်တော့စာဆက်သင်ပါသည်။ ကျွန်တော်တော်တော် စိတ်မကောင်း ဖြစ်မိပါသည်။ ကိုယ်ကအရေး မကြီးပါဘူး၊ ရယ်စရာမျှသာဟု သဘောထားခဲ့သော အရာတစ်ခုသည် သူတစ်ပါး (အထူးသဖြင့် ကိုယ့်အပေါ် စေတနာထားသည့်) သူ့အပေါ် မည်မျှ သက်ရောက်သွားသည်ကို နောက်ကျမှ သိလိုက်ရသည်။ ကိုယ့်ကိုယ်ကို လည်း အတွေးတိမ်ရန်ကော၊ အတ္တကြီးရန်ကောဟု အပြစ်တင်မိသည်။ ဆရာမကြီး၏ မျက်နှာကိုလည်း ယနေ့ ၂၂ နှစ်ကြာ သည်အထိမမေ့။ ထိုကဗျာ ကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါ။

ယခု ၂၂ နှစ် အကြာတွင် ဆရာမကြီး၏ မျက်နှာမျိုးကို ကျွန်တော် စိတ်မကောင်းစွာ ထပ်မြင်ရပါသည်။ ဧရာဝတီ၏ Online စာမျက်နှာပေါ်တွင် ဖြစ်သည်။ မော်တော်ကားပြူတင်းပေါက် မှန်ပေါ်တွင် လက်ထောက်လျက် ငေးကြည့်နေသော ထို မျက်နှာဖြစ်သည်။ ထိုမျက်နှာသည် ကျွန်တော် ၂၂ နှစ်ကြာ မမေ့နိုင်ခဲ့သည် မျက်နှာမျိုး ပင်ဖြစ်သည်။ ဘ၀တစ်ခုလုံး ကို ပေးဆပ်လျက်၊ အသက်ကို ရင်းလျက်၊ လင်သားကို အဆုံးရှုံးခံလျက်၊ ရင်မှဖြစ်သော သားတွေကိုပစ်လျက်၊ ဆယ်စုနှစ်ကျော် အကျဉ်းကျခံ၊ စစ်အစိုးရနှင့် သူ၏ဘက်တော်သား မီဒီယာပေါင်းစုံမှ နည်းပေါင်းစုံဖြင့် အဆဲခံ၊ အဆိုခံ၊ နာမည်အဖျက်ခံ၊ အသက်ကို လုပ်ကြံခံလျက် သူချစ်သော သူမ၏အဖေ တည်ထောင်ခဲ့သည့် နိုင်ငံအတွက် သူယုံကြည်သောလမ်းစဉ်အတိုင်း မသွေဖီတမ်း လျှောက်လှမ်းလာသူတစ်ယောက်ဖြစ်သည်။
 ထိုသူကို ဆိုင်းဘုတ်ကိုင်၍ ကြိုခဲ့ကြသည်။ "ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။ သူမနှင့်ယုံကြည်ချက်တူသူများ လက်တွဲ ဖောက်ခဲ့ပြီးသော လမ်းတစ်ပိုင်းတစ်စတွင် အခန့်သားရပ်လျက် လမ်းဆက်ဖောက်နေသော သူမကို လမ်းပေါ်မှ ပြန်တွန်းချ နေကြသည်။ သူမ၏စကားလုံးများ၊ အစီရင်ခံစာများ၏ အနှစ်ကိုမယူပဲ အပေါ်ယံတွေးလျက် အပြစ်ကိုသာ ယူနေကြသည်။ သူမ မရှိခဲ့လျှင်…သူမနေရာကို ဘယ်သူနှင့် အစားထိုးမလဲ ဟုမတွေး။ သူမ ငါတို့အတွက် အခုဘာလုပ်ပေးမလဲ ဟုသာတွေးသည်။ ဟိုတစ်ချိန်တုန်းက ကိုယ့်ကို စာတကယ်တတ်အောင်၊ စာကျက်စာဖတ်ဖြစ်အောင် တွန်းအားပေးနေသည်ကို မတွေး၊ မိမိ စာမေး ပွဲအောင်ရေး၊ ခုံနံပါတ် မကျဆင်းရေးသာ အဓိကထားပြီး ကဗျာတစ်ပုဒ်ဖြင့် ဆရာမကြီး၏ အသည်းနှလုံး ကိုဓါးဖြင့် မွှန်းခဲ့သည့်နည်း အလားယခုလည်း ကြွေးကြော်သံတစ်ခုဖြင့် သူမ၏နှလုံးသားကို ရင်ထဲမှ အပြင်ဆွဲထုတ် 
 ပြစ်ချင်နေကြ  သည်။

သြော်…."ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ" တဲ့။

ဆရာမကြီးကတော့ သူ့ချစ်တပည့်များကို ယဲ့ယဲ့ပြုံးလျက် ရှင်းပျြနိုင်ခဲ့ပါသည်။ သည်လိုဆိုရင် သူမကကော….။ လွန်ခဲ့ သည့်နှစ် ရက်က ကျွန်တော် Share ခဲ့သည့် Facebook က ကိုစိုးထိုက်ရဲ့  စကားကို ပြန်သတိရမိပါသည်။

"ပြဿနာတွေ အများကြီး ထပ်ပြီး ရှုပ်ထွေးသွားနိုင်တဲ့ မူဝါဒတစ်ခုကို သူ ကန့်ကွက်တာ မှားတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဘာဖြစ်လို့ ဆိုတော့ သူဟာ ပြသနာတစ်ခုကို အရင်းအမြစ် ထိရောက်အောင် လိုက်ရှာပြီးမှ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်မှာကို အမြဲယူလာပေးနိုင်ခဲ့သူလို့ ကျွန်တော် အမြဲယုံကြည်နေခဲ့လို့ပဲ။ ခင်ဗျားတို့တတွေ သူ့ကို ဆဲဆိုနေတာကို သူဟာ ပြုံးပြီးကြည့် မနေနိုင်ရင်တောင် မျက်နှာညှိုးငယ်စွာနဲ့ ထိုင်ကြည့်နေမယ့်သူလို့ ကျွန်တော်ယုံကြည်ထားလို့ပဲ။"

                                                                                              ကျေးဇူးတင်ပါသည်ကိုစိုးထိုက်ခင်ဗျား။

                                                                                                 By ---- Tin Maung Thwin
                                                                                                  Yangon Institute of Technology
 ၃၀.၅.၂၀၁၃
ခေါင်းစဉ်က ဆွဲဆောင်မှုရှိသလို တင်ပြပုံလည်းကောင်းတယ်။ သို့သော်လည်း ဒီခေါင်းစဉ်အောက်မှာ ဒီခေါင်းစဉ်ရဲ့ မူရင်း အနက် အတိုင်း ရေးထားတာ မဟုတ်တော့ အားမလိုအားမရ နည်းနည်းဖြစ်မိတယ်။ ကျနော် ဖတ်ချင်တာက တစုံတယောက်ဖြစ်စေ အစုအဖွဲ့ တစ်ခုကဖြစ်စေ ဒေါ်စုကို မလိုကြောင်း ရေးထားတာမျိုးပါ။ အခုဒေါ်စုနဲ့ပတ်သက်ရင် လူ၂မျိုးပဲ ရှိတယ်လို့ ခံစားရတယ်၊ သူ့ကို ချစ်တဲ့သူနဲ့ သူ့ကို မုန်းတဲ့သူနဲ့။ ချစ်တာ မုန်းတာ ဘေးဖယ်၊ လူ့လောကကို အချိန်မရွေး နှုတ်ဆက် ထွက်ခွာသွားနိုင်တဲ့ အိုကြီးအိုမ အဘွားကြီး တစ်ယောက်အနေနဲ့ သူ့ကိုမြင်ပြီး သူမရှိတော့ရင်လည်း မြန်မာပြည် သူပြည်သားတွေဟာ ကိုယ့်အစွမ်း အစနဲ့ကိုယ် ရပ်တည်နိုင်ကြောင်း ရေးကြတာလုံးဝမဖတ်ဖူးဘူး (ရှိကောင်းရှိမယ်ပေါ့လေ)။
 တချို့တွေများ အမေ ဘယ်လောက်တော်ကြောင်း တတ်ကြောင်း အနစ်နာခံကြောင်း တခုတ်တရ ချီးမွမ်းခန်းဖွင့်ပြီး ကိုယ်တိုင် ကျတော့ ဖြစ်သလိုနေတယ်၊ ဘာမဟုတ်တဲ့ ဖေ့စ်ဘုတ်မှာတောင် အမေ့ကို အကြောင်းပြပြီး ဆဲဆိုကြ တိုက်ခိုက်ကြ ပုတ် ခတ်ကြ၊ နိုင်ငံရေးမှာ အမေသာလျှင် ကိုးကွယ်      ရာဖြစ်နေတယ်။
 ဆိုတော့ အမေမရှိတဲ့အခါ ဘယ်လိုလုပ် မလဲ။ ဒေါ်စုမှမဟုတ်ဘူး၊ လူတိုင်းလူတိုင်းနေ့မြင်ညပျောက်ပဲ၊ သီချင်း စာသားနုနုရွရွ
  လေးတွေ ခံစားသီဆိုနေကြတုန်း က ကေအေတီကို     သတိမရကြဘူး၊ လူတစ်ယောက် ဟာ သေသွားတော့မှ တန်ဖိုးပိုရှိလာသလိုလို၊ ဒါကြီးကို က  ရေလည်မှားနေတာပဲ။

ဒေါ်စုသည် အခုဇာတ်ခုံပေါ်မှာ ပြိုင်ဖက်ကင်းတဲ့ သူတစ်ယောက်ဆိုတာ သက်သေပြကြ ငြင်းခုန်နေကြ ရတော့မယ့်အချိန်မှ မဟုတ်တော့ တာပဲ။ တကယ်တမ်း စင်ပေါ်က လူတွေအားလုံး ဒိတ်ဒိတ်ကြဲမှန်း သိနေပြီ၊ အဲဒါထိုင်ငြင်း ရမယ့်အစား ပရိ သတ် အနေနဲ့ အမှတ်ပေး ရတော့မယ့်အချိန် ရောက်နေပြီ၊ ကိုယ်အကြိုက်ဆုံး ဇာတ်လိုက်ကြီးမရှိရင် ဘာလုပ်မ လဲလို့ စဉ်းစားရမယ့် အချိန် ရောက်နေပြီ၊ ဘာလို့လဲဆိုတော့ ဒါဟာ ဇာတ်ကနေတာ မဟုတ်ဘူး၊ ကွာစေ့ကိုက်ပြီး ရုပ်ရှင် တစ်ပွဲ ထိုင်ကြည့်နေ တာလည်း မဟုတ်ဘူး။
 ပရိသတ် အနေနဲ့ ရုံပြောင်းလို့ မရသလို ပွဲမရှိလို့လည်း မဖြစ်တဲ့  နိုင်ငံရေး ဇာတ်ခုံကြီးဗျာ။ သူမရှိရင်သွားပြီလို့ပြောကြတယ်၊ အဲဒီ သွားပြီ နောက်မှာ ဘာမှပါမလာတာတော့ မမိုက်ဘူး။ ဒီတိုင်းပဲသွားရင် ပွဲကြည့်စင်ပေါ်က ဘယ်တော့မှမထချင်တဲ့ ပွဲကြည့် ပရိသတ်တွေ ပဲဖြစ်နေကြမယ်၊ ငါသည်တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်စိတ် အပြည့်ရှိသူတွေ တကယ့် အရေးပါတဲ့ "စင်ပေါ်က" role တစ်ခုခုကို "ဘယ်နည်းနဲ့မဆို" အရယူသင့်တယ်၊ ငါသည် ငါ့ကိုယ်ကျိုးအတွက်သာ စင်ပေါ် ရောက်နေတာဖြစ်တယ် ဆိုသူတွေ ကိုယ့်အသိစိတ် နဲ့ကိုယ် ပြောင်းလဲရင်ပြောင်းလဲ၊ သို့တည်းမဟုတ် ဇာတ်စင် ပေါ်ကနေ ပွဲကြည့်စင်ပေါ် မသိမသာလေးဖြစ်ဖြစ် ရွှေ့သွားသင့်တယ်၊ စိတ်ကူးယဉ်တယ် ဆိုချင်ဆို၊ အခု ဒီအခင်းအကျင်းက စိတ်ကူးယဉ်တာ နဲ့မစရင် ဘယ်ကစရမလဲ မသိဘူး။ ဒါတစ်ဦးချင်း လုပ်နိုင်တဲ့အတွက် လုပ်ချင်စိတ် သာရှိရင် ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီး ဆင်ခြေပေးနေစရာ မလိုတော့ဘူး။ တကယ်နိုင် တဲ့သူတွေက ကိုယ်နိုင်တဲ့ဝန်ကို ထမ်းထား ဖို့ပဲလိုတယ်၊ မနိုင်ပဲ ထမ်းချင်ယောင် ဆောင်နေတဲ့ ကောင်တွေကို ဘေးထွက် ထိုင်နေအောင် လုပ်တတ်ဖို့လည်းလိုတယ်။

စနစ်ပြောင်းဖို့သာ ထိုင်စောင့်နေရင်တော့ ဒီတိုင်းပြည်သည် နေရာဖယ် မပေးချင်တဲ့ ဇာတ်ဆောင်တွေနဲ့ နေရာဖယ်မပေးချင်တဲ့ ပရိသတ်တွေ နဲ့ပြည့်နေတဲ့ ပျင်းစရာတိုင်းပြည်ကြီး ဖြစ်နေဦးမှာပဲ။ ငါတော်တယ်၊ ဒါပေမဲ့ စင်ပေါ်ရောက်ဖို့ အခွင့်အရေး မရှိဘူး ကွာဆိုရင်တော့လည်း ဒေါ်စုရှိရှိမရှိရှိ ဘာမှမထူးပါဘူး၊ ကွာစေ့တစ်ထုပ် ဝယ်ပြီး ပွဲဆက်ကြည့်ကြ ရအောင်ပါ။ နောက်လူတွေ ပိုကောင်းလောက်ပါရဲ့လေ။


No comments:

Post a Comment