အပိုင်း(၁)
ဒီနှစ်ပိုင်းအတွင်း အင်းလေးကန်ထဲက အင်းသားတို့ရဲ့ သင်္ကေတာတခုဖြစ်တဲ့ ခြေနဲ့လှေလှော်ပြီး ရေပြင် ထက်သွားလာ လှုပ်ရှားကြတဲ့ ဓလေ့ နေရာမှာ အဲဒီလှေငယ်တွေကို စက်နဲ့ အစားထိုးမောင်း နှင်လာတဲ့ မြင်ကွင်း တချို့ကို သတိပြုမိပါတယ်။ အပြင်လူတွေ မဆိုထားနဲ့ အင်းသားများကိုယ်တိုင် ကိုယ်ပိုင်ဓလေ့ ထုံးစံတခု ကွယ် ပျောက်တော့မယ်လို့ ထိန့်လန့်စပြုလာနေကြရပါပြီ။
ခေတ်မီခြင်း နဲ့ ခေတ်ဟောင်း အလေ့ဟောင်းများကို ဖက်တွယ်ထိန်းသိမ်းခြင်း စတဲ့ အားပြိုင်မှုတွေကြားမှာ ဆင်ခြင်စဉ်းစားစရာ နမူနာလေးတချို့ကို ကောက်နုတ်ဖေါ်ပြ ပေးချင်ပါတယ်။
နိုင်ငံတိုင်း အမျိုးသားတိုင်းမှာ သဘာဝကပေးအပ်လိုက်တဲ့ ၀ိသေသထူး အမျိုးမျိုးကို ပိုင်ဆိုင်လို့ထားကြ ပါတယ်။ကျနော်တို့ အနီးနားက တရုပ်ပြည်မှာ နှစ်ပေါင်း(၅၀၀၀)ကျော် လက်ဆင့်ကမ်းပြီး သယ်ဆောင် လာတဲ့ စာပေယဉ်ကျေးမှု အနုပညာ ဆေးဝါးအတတ် စတာတွေကို ပိုင်ဆိုင်ထားတာဟာ ဟန်လူ မျိုးကြီးတို့ရဲ့ ၀ိသေသတခုပါ။
အဲဒီလိုမျိုး အိန္ဒိယဖက်ကလည်း ဗုဒ္ဓ အပါအ၀င် သက်တမ်းရှည် အယူဝါဒအမျိုးမျိုး အခြေတည်ရာ ဘူမိ နက်သန်ဖြစ်ခဲ့ပါတယ်။ရောမ ၊ အီဂျစ် -တို့လို ကြွင်းကျန်နေသေးတဲ့ လူမျိုးနဲ့တိုင်းနိုင်ငံတိုင်း အသီးသီး လည်း ဒီလိုပိုင်ဆိုင်ကြမှာပါ။
နောက်တမျိုးကတော့ ကမ္ဘာ့မှတ်တမ်းဝင် ထူးဆန်းဖွယ် အထိမ်းမှတ်တွေ ပိုင်ဆိုင်တာမျိုးပါ။ဘာသာရေးနဲ့ ဆက်စပ်လို့ဖြစ်စေ သမိုင်းဝင်တည်ဆောက်ခဲ့ကြလို့ဖြစ်စေ ဆက်ခံရရှိထားတဲ့ အထင်ကရ အထိမ်း အမှတ်တွေပါ။
မဟာတံတိုင်းကြီးနဲ့ တရုပ်ပြည်၊ တပ်ခ်ျမဟာ နဲ့ အိန္ဒိယ ၊ အီဖယ်မျှော်စင် နဲ့ ပြင်သစ် ၊ တိဗက်က ပိုတာ လာ ကျောက်သား ဘုန်းကြီးကျောင်း၊ရောမ ဘာတီကင် နန်းတော်၊ အင်္ဂလန် သိမ်းမြစ်ကူးတံတား၊ စတဲ့ ရှေးအစဉ် ဆက် တည်ရှိခဲ့တဲ့ အထိမ်းမှတ်တွေကြောင့်လည်း အဲဒီနိုင်ငံတွေဟာ လူသိထင်ရှားရတာပါ။
ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ရှေးဟောင်းယဉ်ကျေးမှု ပြယုဒ် အဖြစ် ပြောစရာ ပုဂံဘုရားတွေလောက် သာရှိမှာပါပဲ။ ပုဂံလိုမျိုး ကမ္ဘာ့ဘာသာကြီးလေးမျိုး နဲ့ပါတ်သက်ပြီး အထိမ်းအမှတ်တွေကလည်း ကမ္ဘာ့အနှံ့ ရှိနေမှာပါ။မက္ကာ၊ ဂင်္ဂါမြစ်ဆိပ်၊လုမ္မဏီ ဗုဒ္ဓမွေးမြေ၊ ဗာတီကန်သာသနာနိုင်ငံ၊စတာတွေပါပဲ။
ဒါတွေအပြင် လူမျိုး(သို့မဟုတ်) ဒေသခံတွေရဲ့ နေထိုင်မှုနဲ့ ထူးဆန်းတဲ့ဓလေ့ လေးတွေလည်း ရှိပါသေး တယ်။ကျနော်တို့ မြန်မာနိုင်ငံထဲမှာကို ပါးရဲထိုးတဲ့ချင်းလူမျိုးတို့ထုံးစံ ၊ ရေငုပ် အသက်မွေးပြီး ပင်လယ်ပြင် က လှေအိမ်ထဲမှာတသက်လုံး အိမ်လုပ်နေထိုင်တဲ့ မော်ကင်း ခေါ် စလုံလူမျိုးများ၊ ၀တ်စားဆင် ယင်မှုကြောင့် တမူထူးခြားတဲ့ နာဂ လူမျိုးများ။ယခင် အတိပ်ဟောင်းတုံးက ခေါင်းဖြတ် ယစ်ပူဇော်လေ့ ရှိခဲ့တဲ့ ၀ လူမျိုးတွေ နဲ့ အင်းထဲက လှေကိုခြေနဲ့ လှော်ခတ်သွားလာတတ်တဲ့ အင်းလေးကန် တွင်းနေ အင်းသား လူမျိုးများ စသည်ဖြင့် ထူးခြားတဲ့နေထိုင်မှုတွေကြောင့် လူသိထင်ရှား တာတွေပါ။
ဒီကနေ့ ၂၁ ရာစုထဲကို ရောက်လာတဲ့အခါ တချို့ သမိုင်းအရ ၊ဘာသာရေးအရ၊ ဓလေ့ထုံးစံအရ တည်ရှိခဲ့တဲ့ အထိမ်းအမှတ်တချို့ ပျောက်ကွယ်သွားတာ ဒါမှမဟုတ် ကွယ်ပျောက်စ ပြုနေတာ စတဲ့ ဖြစ်ရပ်တွေ ကို နေရာအနှံ့ မှာ တွေ့မြင်နေရပါပြီ။
ငွေကြေးချို့တဲ့ခြင်း ၊ နည်းပညာ နည်းပါးခြင်း ၊နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်းတို့လို ပြသနာမျိုးစုံ ကြုံနေ တဲ့ နိုင်ငံတွေကတော့ ဒီလို အထိမ်းအမှတ် ကိုဆက်လက်ထိန်းသိမ်းထားဖို့ မတတ်စွမ်းနိုင်ကြရှာ ပါဘူး၊၊
ဒါကြောင့်လည်း ယူနက်စကို(UNESCO) ကနေ ၀င်ရောက်ထိန်းသိမ်းပေးထားရတဲ့ အဆောက်အဦး နဲ့ နေရာဒေသ ပေါင်း(နိုင်ငံနဲ့အဖွဲ့စည်း ၁၆၀နဲ့ ဆက်စပ်ကာ ယဉ်ကျေးမှု ၇၅၉ ခု ၊သဘာဝ ၀န်းကျင် ၁၉၃ ခု၊ အခြားခေါင်းစဉ် (၂၉)ခုအတွက် ရံပုံငွေအဖြစ် နှစ်စဉ် ဒေါ်လာ(၄)သန်းလောက် ကျခံ ဆောင် ရွက်ပေး နေရတာပါပဲ။ကျနော်တို့အင်းလေးကန် လည်း ဒီအထောက်အပံ့တွေထဲမှ တချို့ကို ရရှိခံစားခဲ့ ပါတယ်။
ယူနက်စကို အထောက်အပံ့နဲ့ ဆက်လက်ထိန်းသိမ်းပေးဖို့ မတတ်နိုင်တာကတော့ ဒေသခံ လူမျိုးတွေရဲ့ ထူးခြားတဲ့ အလေ့အထတွေပါ။
မြန်မာပြည်က ချင်းအမျိုးသမီးတွေ ပါးရဲဆက်မထိုးတော့ဘူးဆိုရင် ၊ ကယားပြည်နယ်ထဲက ကယန်းပဒေါင် အမျိုးသမီးတွေကိုယ်တိုင်က သူတို့ရဲ့ လည်ပင်းမှာ ကြေးကွင်းတွေ ဆက်မစွပ်လိုကြတော့ဘူးဆိုရင်၊ ရှမ်း လူမျိုးတွေကိုယ်တိုင် သူတို့ရိုးရာ ရှမ်းအိုးစည်ကို စွန့်ပါယ်ချင်တယ်ဆိုရင် အခုလည်း အင်းလေးကန်ထဲက အင်းသားတွေကိုယ်တိုင် လုပ်ရကိုင်ရ အားစိုက်ရသက်သာ ငွေကုန် အချိန်ကုန်လည်း သက်သာ လို့ ခြေနဲ့လှော်မယ့်အစား စက်ငယ်လေးတွေတပ်ပြီး လက်လှော်လှေကို ခြေနဲ့မလှော် စက်နဲ့လှော် ခိုင်းတော့မယ် ဆိုရင်-စတဲ့ ကိစ္စတွေကတော့ သက်ဆိုင်ရာ ဒေသန္တရ အစိုးရနဲ့ လူမျိုးတွေကိုယ်တိုင် ဆုံးဖြတ် ထိန်းသိမ်းရမယ့် ပြသနာတခုပါ။ဆက်လက်ပြီး ထိန်းသိမ်းမလား ၊ ယဉ်ကျေးမှုအသစ် အလေ့ထသစ်နောက်ကို ခေတ်နဲ့ အမီလိုက်မလား ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ကြရပါလိမ့်မယ်။
စဉ်းစားဆုံဖြတ်တဲ့နေရာမှာ တချို့အချက်တွေကို မဖြစ်မနေ ထည့်ပြီးစဉ်းစားထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
က။ ဒေသန္တရ အကျိုးစီးပွား
ကမ္ဘာလှည့်ခရီးသွားတချို့ ကိုပြည်တွင်း တိုးကုမ္မဏီတခုကနေ တာဝန်ယူပြီး ဒေသန္တရ ခရီးစဉ် တခု ပို့ဆောင်ပေး တဲ့အခါ ခရီးသွားတွေက သူတို့ရောက်ခဲ့တဲ့ ကျေးရွာတွေဟာ ကုမ္မဏီကကြေညာထားသလို တကယ့် အရိုင်းနယ်မြေ(Vergin land)မဟုတ်ဘဲ တောခေါင်ခေါင်ကျေးရွာဆိုပြီး ဆိုင်ကယ် ထော်လာ ဂျီတွေ တီဗွီ တွေ ကိုတွေ့ခဲ့ရလို့ မကျေနပ်ဘူးလို့ စောဒက တက်ကြပါတယ်။
ဒါကြောင့် ကယားပြည်နယ် ၊ အင်းလေးကန် ထဲက တချို့အလေ့ထတွေ တိမ်မြုပ်သွားခဲ့ရင် ဒီနေရာတွေကို ကမ္ဘာလှည့်တွေ လာလည်ကြပါတော့မလား ဆိုတာကတော့ စဉ်းစားထားသင့်တဲ့ အချက်တခုပါ။ ဒီလိုအလေ့ထတွေကြောင့် တိုးရစ်တွေလာပြီးနောက် ဒေသခံတွေတကယ် ၀င်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများပြီး အကျိုးရှိလာခဲ့သလား၊ အုပ်ချုပ်သူအထက်ပိုင်းနဲ့ လုပ်ငန်းရှင်တွေပဲ အကျိုးရှိစေသလား၊ ဆိုတဲ့ အချက်မျိုးစုံကို သေချာစွာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
ခ။ သဘာဝပါတ်ဝန်းကျင် ထိခိုက်ခြင်း
ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုံနယ်မြေအတွင်း စွန့်ပြစ်အမှိုက်သရိုက်တွေကို ပြန်လည်ဖယ်ရှားပေးခြင်း အားနည်းတခုချက်ဟာ သဘာဝအလှကို ပျက်စီးစေရုံမက ငွေဆောင်ကမ်းခြေဆီ နောက် ထပ်လာပြီး လည်ကြ မယ့် ခရီးသွားတွေကို ဟန့်တားသလိုဖြစ်စေနေပါပြီ။မသာယာ မလှပတဲ့ကမ်းခြေ ဘယ်သူလာ အပန်းဖြေချင် ပါ့မလဲ။
အင်းလေးကန် ထဲမှာ လည်း လူအ၀င်အထွက်တွေပိုများလာသလို အမှိုက်တွေ ပိုများလာတဲ့အရေးကို ဒီကနေ့ အင်းသားလူငယ်မျိုးဆက် တွေကိုယ်တိုင် က စိတ်ပူပင်စပြုနေရပါပြီ။ ဖေါင်တော်ဦးဘုရားနဲ့ ထူးခြားတဲ့ အင်းဓလေ့ ခြေနဲ့လှေလှော်တာတွေကြည့်ဖို့အတွက် ပြည်တွင်းပြည်ပက လာလည်ကြတဲ့ သူတွေ ပေါများခြင်းဟာ အင်းလေးကန်သဘာ၀၀န်းကျင် ထိခိုက်ဖို့ဖန်တီးနေသလိုပါပဲ၊၊
နောက်တခု ကတော့ ဖွံဖြိုးပွင့်လန်းလာလို့လာတဲ့ တိုးရစ်ဇင်လုပ်ငန်းအတွက် ဆောက်လုပ်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေအတွက် ဒေသတွင်းရှိ အိုးအိမ်၊ လယ်ယာမြေ ၊သဘာဝ တောအုပ်ကြီးတွေ အရှင်းခံ အ၀ယ်ခံ လိုက်ရတဲ့ကိစ္စပါ။ဒါမှ သဘာ၀၀န်းကျင်ကို တိုက်ရိုက်ထိခိုက် တဲ့ကိစ္စပါ။မြန် မာပြည်တွင်းက ကျန်နေရာအတော်များများမှာလည်း တိုးရစ်ဇင် လုပ်ငန်းအတွက် မြေယာနဲ့ သဘာ၀၀န်း ကျင် ဆုံးရှုံးခဲ့ရတာ အများကြီးပါပဲ။နောက်ဆုံး မြောက်ဖျား ပူတာအို ရေခဲတောင်လို ဒေသတောင် မကျန်တော့ ပါဘူး။
စာရိတ္တနဲ့ယဉ်ကျေးမှု
ယခင်အစိုးရလက်ထက် ပြည်ပဆက်ဆံရေး တံခါးပိတ်ဝါဒ ကျင့်သုံးချိန် နာဂစ်ကာလတုံးက ဧရာဝတီတိုင်း အတွင်း လာရောက်ကူညီသူ နိုင်ငံခြားသား NGO အဖွဲ့တွေပြန်သွားတဲ့အခါ အိမ်မြေတွေဈေးတက် သွားတာနဲ့ စွန့််ပြစ်ကွန်ဒွန်တွေပဲ အဖတ်တင်ကျန် ရစ်ခဲ့တယ်လို့ဆိုစမှတ်ပြုကြပါတယ်။ဒီကနေ့လို ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ မှိုလိုပေါတဲ့ အချိန်မှာဆိုရင်တော့ တိုက်ရိုက် ထိခိုက်လာနိုင်စရာ စာရိတ္တယိုင်နဲ့မှုတွေ ယဉ်ကျေးမှုရောထွေးမှုတွေ တပုံကြီးရှိလာနိုင်ပါတယ်။နောက်တမျိုးက ဒေသန္တရနဲ့ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းအမွေနှစ်လက်ရာတချို့ တိုးရစ်တွေနဲ့ အတူပြည်ပကို ရောက်သွားတဲ့ကိစ္စပါ။
အထက်မှာဖေါ်ပြခဲ့တဲ့ အားနည်းချက်တွေ မဖြစ်စေဘူးဆိုရင် ဒေသတွင်းလူထု အဆင်ပြေမှုအတွက် တိုးရစ်ဇင် ပြယုဒ်တခုဖြစ်တဲ့ ဒေသ နဲ့လူမျိုးဓလေ့ထုံးစံ အလေ့အထ တချို့ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်မယ်လို့ထင်မိပါတယ်။ဓလေ့ထုံးစံအဟောင်းများနဲ့ အလေ့အထ တချို့ကိုရာသက်ပန် ထိမ်းသိမ်းရင်းက ကိုယ်လူမျိုးတွေကို ခေတ်အခြေအနေနဲ့ အတော်ကြီး အလှမ်းဝေးကွာ နောက်ကျ ကျန်ရစ်စေတာမျိုး မဖြစ်ဖို့ လည်း လိုပါလိမ့်ဦးမယ်။
by--------- W L 4 (Youth For Future Inlay)
စာရိတ္တနဲ့ယဉ်ကျေးမှု
ယခင်အစိုးရလက်ထက် ပြည်ပဆက်ဆံရေး တံခါးပိတ်ဝါဒ ကျင့်သုံးချိန် နာဂစ်ကာလတုံးက ဧရာဝတီတိုင်း အတွင်း လာရောက်ကူညီသူ နိုင်ငံခြားသား NGO အဖွဲ့တွေပြန်သွားတဲ့အခါ အိမ်မြေတွေဈေးတက် သွားတာနဲ့ စွန့််ပြစ်ကွန်ဒွန်တွေပဲ အဖတ်တင်ကျန် ရစ်ခဲ့တယ်လို့ဆိုစမှတ်ပြုကြပါတယ်။ဒီကနေ့လို ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ မှိုလိုပေါတဲ့ အချိန်မှာဆိုရင်တော့ တိုက်ရိုက် ထိခိုက်လာနိုင်စရာ စာရိတ္တယိုင်နဲ့မှုတွေ ယဉ်ကျေးမှုရောထွေးမှုတွေ တပုံကြီးရှိလာနိုင်ပါတယ်။နောက်တမျိုးက ဒေသန္တရနဲ့ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းအမွေနှစ်လက်ရာတချို့ တိုးရစ်တွေနဲ့ အတူပြည်ပကို ရောက်သွားတဲ့ကိစ္စပါ။
အထက်မှာဖေါ်ပြခဲ့တဲ့ အားနည်းချက်တွေ မဖြစ်စေဘူးဆိုရင် ဒေသတွင်းလူထု အဆင်ပြေမှုအတွက် တိုးရစ်ဇင် ပြယုဒ်တခုဖြစ်တဲ့ ဒေသ နဲ့လူမျိုးဓလေ့ထုံးစံ အလေ့အထ တချို့ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်မယ်လို့ထင်မိပါတယ်။ဓလေ့ထုံးစံအဟောင်းများနဲ့ အလေ့အထ တချို့ကိုရာသက်ပန် ထိမ်းသိမ်းရင်းက ကိုယ်လူမျိုးတွေကို ခေတ်အခြေအနေနဲ့ အတော်ကြီး အလှမ်းဝေးကွာ နောက်ကျ ကျန်ရစ်စေတာမျိုး မဖြစ်ဖို့ လည်း လိုပါလိမ့်ဦးမယ်။
by--------- W L 4 (Youth For Future Inlay)
No comments:
Post a Comment