ကျနော်တို့ဆီက အင်းလေးကန်နဲ့အဖြစ်ချင်းလာဆင်ပြီး လူသားနဲ့သဘာဝတရားရဲ့ကပ်ဘေးဒဏ်သင့်နေတဲ့ အင်းကြီးတခု လည်း အိန္ဒိယနိုင်ငံထဲမှာရှိပါတယ်။ဒါးလ်ရေကန်(Dal Lake)လို့ခေါ်ပြီး အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသက ဆီရိနာဂါလ်းမြို့ အနီးမှာပါ။ဒီဒေသအတွင်း မကြာခဏမငြိမ်မသက်ဖြစ် အကြမ်းဖက်မှုတွေဖြစ်တတ်တဲ့ပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ တိုးရစ်ဇင် လုပ်ငန်းအတွက် အဓိက၀င်ငွေရှာပေးနေတဲ့ရေကန်ကြီးတခုပါပဲ။ အင်းလေးကန်ထဲမှာလိုပဲ ရေပေါ်ခြံလုပ်ငန်းတွေ ထွန်းကားပြီး ကက်ရှမီးယားဒေသကထွက်တဲ့ အသီးအနှံတို့ကြောင့်လည်း ဒီဒေသကို လူသိထင်ရှားစေပြန်ပါတယ်။ ၁၉၇၅ခုနှစ်ကစလို့ အင်းလေးကန်ထဲကငါးဖိန်းလို ငါးမျိုးစိတ်တွေကို ဒါးလ်ကန်ကြီးထဲ စိုက်ထည့် မွေးမြူခဲ့ရာကနေ အခုဆိုရင်ဒီငါးမျိုး၇၀%
လောက်ကို ပြန်လည်ဖမ်းဆီးရောင်းချရကြတာမို့ ဒေသခံငါးဖမ်းရှာဖွေသူတို့ရဲ့ တံငါလုပ်ငန်းကလည်း ဒီဒေသတို့ရဲ့ ဒုတိယ၀င်ငွေရ လုပ်ငန်းတရပ်ပါ။
ဒါးလ်ကန်ကြီးက သိပ်ပြီးလှပလွန်းတာမို့လည်း ရှေးတုံးကထဲက ကက်ရှမီးယားရဲ့ရတနာ သရဖူတလုံးအဖြစ် အမည် ပေးခဲ့ပါတယ်။ဆောင်းရာသီကိုရောက်တဲ့အခါ ကန်ရေပြင်တခုလုံးမှာ ရေခဲနေတတ်တာမို့ အလည်လာတဲ့ ခရီးသွားတွေ ရေလွှာလျှောစီးလို့ရနိုင်သလို နွေကာလရဲ့အမြင့်ဆုံးအပူချိန်ကလည်း ( ၅၀ံC )ထက်မပိုပါဘူး။အဲဒါတွေအပြင် ပင်လယ် ရေမျက်နှာပြင် အထက် ပေပေါင်း (၅၂၀၀)အမြင့်မှာ တည်ရှိနေခြင်းကြောင့် မဂိုဘုရင်နဲ့ဗြိတိသျ အုပ်စိုးသူများ အဆက် ဆက်တို့ရဲ့ နွေရာသီစံနန်းအဖြစ် သတ်မှတ်အနားယူရာ ဌာနတခုဖြစ်ခဲ့ရတာပါ။ဒီလိုရာသီဥတုနဲ့ ထူးခြားတဲ့ သဘာဝ အားသာချက် တခုရှိတာကတော့ အင်းလေးကန်ထက် လူတွေကို ပိုပြီးစိတ်ဝင်စားစေပါလိမ့်မယ်။
အိန္ဒိယနိုင်ငံထဲက ဒါးလ်ရေကန်ကြီးဟာ သုံးဖက်သုံးတန်မှာ တောင်များဝိုင်းလို့ကာရံထားတဲ့ အလှပဆုံးရေကန်ကြီး တခုပါ။။ဘီစီ ၁၆ရာစုနဲ့ ၁၇ရာစုနှစ်ထိ ရှေးမဂိုဘုရင်တွေရဲ ထီးနန်းစိုက်ရာဌာနီတခုဖြစ်ခဲ့တာမို့လည်း ရှေးယခင် မဂို ရာဇ၀င်တွေထဲမှာတော့ အလွန်တရာလှပတဲ့ ဥယျဉ်ကြီးပေါင်း(၅၀၀)ကျော်ရှိခဲ့တယ်လို့ ကျော်ကြားခဲ့ဖူးပါတယ်။အခုခါမှာတော့ တချို့လောက်ပဲ ညွှန်ပြ စရာအဖြစ်ကျန်တာပါ။ဒါးလ်ရေကန်ကြီးရဲ့ လက်ရှိအနေအထားကတော့ နကိုသူ့ရဲ့အရွယ်စားထက် (၆)ဆလောက် ကျုံ့ဝင်လို့ သွားခဲ့ပါပြီ။ကန်ရေပြင်ရဲ့အကျယ်အလျား(၄.၆၂)မိုင်နဲ့ အနံ (၂.၂)မိုင်၊ ကန်ရေပြင်ဧရိယာ စုစုပေါင်း(၆.၉-၈.၅)စတုရန်း မိုင်လောက်ရှိပါတယ်။ရေအတိမ်ဆုံးနေရာ(၆)မီတာလောက်နဲ့ အနက်ဆုံးကမီတာ (၂၀) လောက်ရှိတဲ့ တောင်ပေါ်ကရေတိမ် ကန်ကြီးတခုပါပဲ။ အဲဒီကန်ကြီးအလယ်နဲ့ နံဘေးပါတ်ဝန်းကျင်တလျောက်မှာတော့ လူဦးရေ ၅သောင်းနီးပါး လက်ရှိ မှီခိုနေထိုင်ကြပါတယ်။
ကျနော်တို့ဆီက အင်းလေးကန်နဲ့နှိုင်းရင် ဒါလ်းရေကန်ကတော့ နဲနဲလေးပိုသေးမှာပါပဲ။ အင်းလေးကန်က အကျယ် ၁၃ မိုင် အနံ ၆.၅ မိုင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၈၈၀ မှာတည်ရှိသလို ၂၀၁၁ ခုနှစ်စာရင်းများအရ ကျေးရွာအုပ်စု (၃၆ ) စုနှင့်လူဦးရေ (၁၇၃၀၉၉) ဦးရှိကြောင်းသိရပါတယ်။(မြန်မာ့အလင်း ဇွန် ၂၇ ၂၀၁ ခုနှစ်ညွှန်း)
ရေပေါ် စီးပွားရေး
ဒါလ်းကန်အတွင်း လှေစံအိမ်ကြီးတွေဆောက်လုပ်ပြီး အပန်းဖြေခြင်း အနားယူတဲ့အလေ့အထကို အင်္ဂလိပ်တွေကစခဲ့တာပါ။ အန္ဒိယမဟာရာဂျာက ကက်ရှမီးရား တောင်ကြားဒေသတွင်း အင်္ဂလိပ်တို့ အခြေချ အိမ်ယာဆောက်လုပ်ခွင့် မပေးတာမို့ ဒါးလ်ကန်ကြီးထဲမှာ အင်္ဂလိပ်တို့ကိုယ်ပိုင် လှေစံအိမ်ကြီးတွေကို ဆောက်လုပ်ပြီး အင်္ဂလန်စတိုင်အပန်းဖြေကြ ပါတယ်။၁၉၄၇ခုနှစ်မှာ အိန္ဒိယလွတ်လပ်ရေးရပြီးတဲ့နောက် အရင်အင်္ဂလိပ်တို့ပိုင်ဆိုင်ခဲ့ တဲ့ လှေစံအိမ်ကြီး တွေကို ဒေသခံတွေ ရသွားပြီး ဆက်လက်လုပ်ငန်းတိုးချဲ့ရာကနေ ဒါးလ်ရေကန်ကြီးထဲမှာ လှေစံအိမ်တည်းခိုခန်း လုပ်ငန်း တွေ ပေါ်ထွန်းလာတော့တာပါပဲ။ တစ်ညတာ တည်းခိုခကြေးကတော့ ဧည့်သည်တယောက် ကို အမေရိကန် ဒေါ်လာ ၆၀ လောက်ရှိပါတယ်။
ရှေးဟောင်းမဂိုဘုရင်များနှင့်သက်ဆိုင်ရာ အထိမ်းအမှတ်တို့အပြင် သွားရောက်လည်ပါတ်စရာ ထူးဆန်းပြီးရှေးကျတဲ့ နေရာ
ေ ပါင်း(၄၀)နီးပါးလောက် ဒါးလ်ကန်ကြီးနားမှာ ရှိပါသေးတယ်။ရေကန်ကြီးအတွင်း လှေငယ်များဖြင့် လှည့်ပြီးရှု့ခင်းတွေ ကြည့်ရှုဖလ့လာနိုင်သလို လှေစီးရင်းနဲ့လူ(၆)ယောက်စာ စားသောက်နိုင်တဲ့ ရေပေါ် လှေစားသောက်ဆိုင်လေးတွေလည်း အများကြီးပါပဲ။ဒါ့အပြင် တည်းခိုခမ်းလှေစံအိမ်တွေဆီ လှည့်ပါတ်ရောင်းချပေးတဲ့ ဈေးရောင်းလှေတွေလည်း ကျန်ပါသေးတယ်။ ဒါးလ်ကန်ကြီးကိုအမှီပြုပြီး ဒေသခံလူထုတွေ နည်းလမ်းမျိုးစုံဖြင့် စီးပွားဖြစ် နေတယ်လို့ ဆိုရမလိုပါ။ ၂၀၁၂ခုနှစ် စာရင်းများအရ ခရီးသွားပေါင်းစုစုပေါင်း ၂ သန်းကျော်လောက် ဒါးလ်ကန်ကြီးထဲ လာရောက်လည်ပါတ်ခဲ့ရာမှာ ကမ္ဘာလှည့် နိုင်ငံခြားသား ၅ သိန်းကျော်ပါဝင်ပါတယ်။
ပျက်စီးယိုယွင်းခြင်း
ကန်ကြီးထဲမှာ လှေစံအိမ်ကြီးပေါင်း (၁၀၀၀)ကျော်နဲ့ ကန်ပါတ်လည်ကမ်းခြေရှိ အိမ်ထောင်စုများ၊ဟိုတယ်များကနေ စွန့်ထုတ်ပြစ်လိုက်တဲ့အမှိုက်သရိုက်မျိုးစုံကြောင့် အင်းကြီးရဲ့ရေဟာ မသဒီစရာငန်မြမြ အစိမ်းပုပ်ရောင်အသွင်ကို တဖြည်းဖြည်း နဲ့ ပြောင်းလာနေခဲ့ပါပြီ။ကန်ရေထဲမှာ ခဲ ၊အာဆင်းနစ်၊သံ။မဂ္ဂနီစီယံ။ကြေးနီ နဲ့ ကဒ်မီယံ သတ္တုဓါတ်တွေ အမြောက် အများပါဝင်နေလို့လည်း အင်းထဲက ငါးတွေကို စားသုံးရင်တောင် စားတဲ့လူအတွက် ဦးနှောက်၊အသည်း နဲ့ ကျောက်ကပ်တို့ကို အဆိပ်သင့်စေပါလိမ့်မယ်။တိုးများလာနေတဲ့ေ ရမှော်တွေကနေထုတ်လုပ်တဲ့ နိုက်တြိုဂျင် နဲ့ဖေါ့စဖေါရပ်ဓါတ်တို့ကြောင့်လည်း
ရေရဲ့အရည်အသွေးတွေနိမ့်ကျသွားကာ ကန်ရေပြင်ရဲ့ ကြည်လင်မှုဟာ ၇၀% အောက်ကို လျော့ဆင်းသွားခဲ့ပါပြီ။ဒါတွေအပြင် ကန်အတွင်းရှိ အယ်ဂျေးလ် နဲ့ ဗက်တီးရီးယားတွေလည်း တစ်စထက်တစ်စ ပိုပိုများလို့လာနေပြန်ပါသေးတယ်။လူတို့ရဲ့ မဆင်မခြင်မှု ညစ်ထေးမှုတို့ရဲ့ဆိုးကျိုးတွေဟာ လှေတွေကိုအိမ်လုပ်ပြီး အင်းထဲမှာ နေထိုင် သူပေါင်း(၇၅၀၀) နဲ့ အင်းပါတ်လည်နေထိုင်သူ (၅၀၀၀၀ )လောက်ရှိတဲ့ ဒေသခံတွေရဲ့ ကျမ္မာရေး၊ စီးပွားရေးတွေကို အများကြီးထိခိုက်စေ တတ်ပါတယ်။
၁၉၈၅ခုနှစ် အင်္ဂလိပ်တို့အုပ်ချုပ်မှုအောက်မှာရှိစဉ်ထဲက ဆာဝေါ်တာအာလောရင့်( Sir Walter R Lawrence )က ကန်ပြုပြင်ထိန်းသိမ်းဖို့အတွက် စတင်စူးစမ်းတင်ပြခဲ့ဖူးပါတယ်။ဒီကနေ့လို ကောင်းကင်ဓါတ်ပုံများအကူညီဖြင့် စူးစမ်း ရာမှာတော့ ဒါးလ်ကန်ကြီးဟာ အရွယ်အစားသေးကျုံ့တာထက်ပိုပြီး အရေးတကြီးရင်ဆိုင်နေရတဲ့ပြသနာက ကန်ရဲ့ရေ တွေ ညစ်ပါတ်လို့လာနေတဲ့ကိစ္စပါ။၂၀၁၂ခုနှစ်တွင်းလေ့လာချက်အရ ဒါးလ်ရေကန်ကြီးရဲ့ ရေသန့်စင်မှုအခြေအနေဟာ သောက်သုံး
ရေသန့်အဆင့်အောက်(၈၁%)၊ရေသန့်နီးပါးအဆင့်(၁၇%)လောက်နဲ့ အဆိုးဝါးဆုံးအဆင့်ရှိတဲ့ရေ ပမာဏ(၂%)အထိ အသီးသီးနိမ့်ဆင်းသွားပါပြီ။ဒီလိုဖြစ်ရတာလည်း ကန်အတွင်းရှိရေပေါ်စိုက်ခင်းများနဲ့ ဟင်းသီးဟင်းရွက်ခြံကြီးများ ရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့်ပါပဲ။ ဒါကြောင့်မို့ ကန်ထိန်းသိမ်းရေးကော်မတီနဲ့ ပြည်နယ် လွှတ်တော်ကနေဆုံဖြတ်ချပြီး သစ်ပင်တစ်သန်း ခွဲလောက်ကို ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း ဖယ်ရှားပြစ်ခဲ့ကြ ပါတယ်။ ဗေဒါနဲ့ရေမှော်ဖျက်ဆီးရေး စက်ရုံ(၈)ရုံ ကို ဒေသခံအိမ် ထောင်စု (၁၇၀၀၀) နဲ့ ပူးပေါင်းပြီး ဒါးလ်ကန်ကြီးဝန်းကျင် တည်ဆောက်ကာ ကန်ကိုသန့်ရှင်းစေပါတယ်။ ကန်တွင်းကနှုံးမြေ ကုဗမီတာ(၂့  ၈ )သန်းလောက်ကို နှစ်စဉ်ဆယ်ယူခဲ့ပြီး ပေါင်းမြက်အစို ကုဗမီတာတစ်သိန်း ရှင်းလင်းနိုင် ခဲ့ကြပါတယ်။ ကန်တွင်းနေသူတွေကို နယ်မြေတခုစီမှာ မိသားစု (၁၈၀၀) နှုံးနဲ့ နယ်မြေ (၈ )ခုခွဲကာ ရေကန်ကြီးထိန်းသိမ်းဖို့ အတွက် ပြန်လည်နေရာချထားပေးခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ အမျိုးသားသဘာဝရေကန်ကြီးများ ထိန်းသိမ်းရေးအစီအစဉ်အောက်မှာ သဘာ၀၀န်းကျင်နှင့် သစ်တောဌာန ၊ရေကန်နဲ့ရေအရင်းမြစ်ဖွံ့ဖြိုးမှု အာဏာပိုင်အဖွဲ့တို့လို အဖွဲ့အသီးသီးကတော့ ဒီလိုတာဝန်တွေခွဲဝေပြီးပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံက ရွှေးကောက်ပွဲတွေ ကိုယ့်ပါတီဆန္ဒမဲတွေရပြီး အစိုးရဖြစ်လာရဖို့အတွက်နဲ့ မဲနိုင်ပြီးနောက်ပိုင်းမှာ အာဏာနဲ့ကိုယ်ကျိုး တွေကိုသ အဓိကထားကြည့်တတ်တဲ့ နိုင်ငံရေးစနစ်ကြောင့် ပြည်နယ်အစိုးရပိုင်း
ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ကာလတချို့ကြာ လျစ်လျူပြုခဲတဲ့ အကျိုးဆက်တွေဟာ ဒါးလ်ရေကန်ကြီးကို တနေတခြားပိုပိုပြီး ပျက်စီးလို့လာခဲ့စေတာပါပဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်(၂)ခုလောက်တုံးကအခြေအနေနဲ့ ဒီကနေ့လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိကန်ရေ မျက်နှာပြင်အကျယ်အ၀န်းဟာ(၁၁)မီတာလောက် လျှော့သွားခဲ့သလို ရေအနက်(၁၂)မီတာလောက် တိမ်ကော သွား ခဲ့ပါပြီ။အခုအချိန်မှာတော့ အလျင်အမြန် ရေခမ်းခြောက်နေတဲ့ ရေကန်ကြီးတခုအဖြစ်မှသည် ရွှံ့နွံအိုင်ကြီး အဆင့်သို့ တဖြည်းဖြည်းချင်း ဦးတည်ပြောင်းလဲနေပြီလို့ပဲ သတ်မှတ်ကြ ရတော့မယ်လို့ထင်မိပါတယ်။
By ------W L 4 ( youth for future Inlay )
27th Oct 2013
No comments:
Post a Comment